Thursday, July 23, 2015

နိုင်ငံတကာစစ်လက်နက်ပစ္စည်းများ


နှစ်ပေါင်း ၃၀ မျှ လျှို့ဝှက်အဆင့် သတ်မှတ်ခဲ့သည့် ရွေ့လျားဒုံးကျည်စနစ်တစ်ခု၏ သရုပ်မှန်ကို အစ္စရေးစစ်တပ်က အများပြည်သူထံ ဖွင့်ချပြလိုက်ကြောင်း သိရှိရသည်။
အစ္စရေးစစ်တပ်က Perehဟု ခေါ်ဝေါ်သည့် လက်နက်မှာ ရွေ့လျားနိုင်သည့် ဖျက်အားပြင်း ဒုံးကျည်စနစ်တစ်ခုဖြစ်သည်။ ယင်းလက်နက်သည် တင့်ကားများကို ချေမှုန်းရာတွင် အလွန်ထက်မြက်သည့် စွမ်းဆောင်ရည်မျိုး ရှိသည်။
သို့သော်လည်း အစ္စရေး စစ်တပ်က Perehကို ထင်ထင်ရှားရှား မဖြစ်အောင် ဖုံးကွယ်ထားပြီး ရှေ့ဘက်တွင် အမြောက်အတု တစ်လက်ကို တပ်ဆင်ထားသည်။ ထို့ကြောင့် Perehသည် အစ္စရေး ကြည်းတပ်သုံး M60 Patton တင့်ကားနှင့် ဆင်တူသွားပြီး ယင်းလက်နက်မျိုး ရှိနေသည်ကို လျှို့ဝှက်ပြီး ဖြစ်နေခဲ့သည်။ ဒုံးကျည်ပစ်စင်မှာ ယာဉ်၏ အနောက်ပိုင်းတွင် ရှိနေပြီး ပစ်မှတ်ကို ချိန်ရွယ်သည့် အခါတွင်မှ ပစ်စင်က ထောင်မတ်လာအောင် စီမံထားခြင်း ဖြစ်သည်။
အစ္စရေး စစ်တပ်သည် Pereh လက်နက်စနစ်ကို ၎င်းတို့၏ အဓိက တိုက်ပွဲဝင် တင့်ကားများနှင့် ရောနှော ချီတက်စေကာ ပုံဖျက် လျှို့ဝှက်ထားသည်မှာ နှစ်ပေါင်း ၃၀ မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ “အစ္စရေးအတွက် အမှုထမ်းခဲ့တဲ့ အထူးလက်နက် စနစ်တစ်ခုကို အခုတော့ ပြည်သူတွေဆီ အသိပေးလိုက်ပါပြီ။ Pereh တင့်ကားရဲ့ လျှို့ဝှက်ချက်ကို နှစ်ပေါင်း ၃၀ လောက် ထိန်းသိမ်းထားခဲ့တာပါ”ဟု အစ္စရေး စစ်တပ်က ကြေညာခဲ့သည်။
“ဒီတင့်ကားဟာ Tamuz တင့်ကားဖျက် ဒုံးကျည်တွေ ပစ်လွှတ်ဖို့အတွက် သေသေချာချာ အထူးပြု စီမံထားတာ ဖြစ်ပါတယ်”ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ Perehသည် အမေရိကန်လုပ် M48နှင့် M60 တင့်ကားများကို အစ္စရေး နည်းပညာဖြင့် အဆင့်မြှင့်တင်ထားသည့် Magachစီးရီး တင့်ကားများပေါ်တွင် အဓိက အခြေခံ တည်ဆောက်လေ့ ရှိသည်။
ဒုံးကျည်ပစ်စင်ကို ရုတ်တရက် မမြင်နိုင်အောင် တည်ဆောက်ထားပြီး Pereh တစ်စီးလျှင် ဒုံးကျည် ၁၂ စင်းထိ တင်ဆောင် ပစ်ခတ်နိုင်အောင် အစ္စရေးက တီထွင်ခဲ့သည်။ “အစ္စရေး စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး ပညာရှင်တွေက Perehမှာ အထက်ကို မြှင့်တင်နိုင်တဲ့ ပစ်စင်နဲ့ Tamuz ဒုံးကျည်တွေ ပစ်ခတ်နိုင်ဖို့ ရေဒါစနစ်တွေကို ထည့်သွင်း ပေးနိုင်ခဲ့ပါတယ်”ဟုလည်း အစီရင်ခံစာက ဆိုသည်။ ရှေ့ဘက်တွင် အမြောက်အတု တစ်လက်ကို တပ်ဆင်လိုက်သည့်အခါ သမားရိုးကျ တင့်ကားတစ်စီးသဖွယ် ဖြစ်သွားသည်။
ယာဉ်၏ ရှေ့ဘက်ပိုင်းကို အားဖြည့် သံချပ်ကာများ တပ်ဆင်ကာ တစ်ဖက်မှ ပစ်ခတ်မည့် တင့်ကားဖျက် ဒုံးကျည်များ၏ ဒဏ်ကို ခံနိုင်အောင် ပံ့ပိုးထားသည်။ Pereh တင့်ကား၏ ဓာတ်ပုံကို အများပြည်သူ ရှေ့မှောက်သို့ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် စတင် ပြသခဲ့သော်လည်း ယင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ အစ္စရေး စစ်တပ်က မထုတ်ပြန်ခဲ့ချေ။
Perehသည် ပြီးခဲ့သည့် ၂၅ နှစ်မျှ ကာလအတွင်း အစ္စရေး ကြုံခဲ့သည့် အဓိက စစ်ရေးလှုပ်ရှားမှုတိုင်းတွင် ပါဝင် အမှုထမ်းခဲ့သည့် မဟာဗျူဟာ စစ်လက်နက် တစ်ခုလည်း ဖြစ်ခဲ့ကြောင်း သိရှိရသည်။
Source ; 7day journal

No comments:

Post a Comment

အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်